Friday, 22 May 2009

နောက်ကျ၍ ရောက်လာသော အမှန်တရား

အခန်း(၂)
ခရီး တစ်ဝက် ရောက်သောအခါ အသိအကျွမ်း အခြားကုန်သည် တစ်ဦးနှင့်တွေ့သည်။ ထိုနေ့ညတွင်
သူတို့နှစ်ယောက် ထမင်းဆိုင်တစ်ဆိုင်မှာ အတူတူ တည်းကြသည်။ နှစ်ယောက်သား အတူတူပင်
ညစာ စားသောက်ကြပြီးနောက် အခန်းချင်း ကပ်လျက် တစ်ယောက်တစ်ခန်းစီ အိပ်ကြလေသည်။
အိုင်ဗန်က စောစောအိပ်ပြီး စောစောထတတ်၏။ သူသည် အရုဏ်မတက်မီ လေညင်းအေးအေးဖြင့်
ခရီးထွက်ချင်သောကြောင့် မြင်းလှည်းသမားကို အိပ်ရာမှနှိုး၍ လှည်းတွင် မြင်းတပ်ခိုင်းသည်။
ထို့နောက် ထမင်းဆိုင် နောက်ဘက်တွင် သီးသန့် အိမ်ကလေးနှင့်နေသော ဆိုင်ရှင်ထံသွားပြီး
တည်းခိုခ ရှင်းသည်။ ပြီးတော့ ခရီးဆက်လက် ထွက်လာခဲ့လေသည်။
ခရီး ၂၅မိုင်ခန့် ရောက်သောအခါ မြင်းများကို အစာကျွေးရန် ထမင်းဆိုင် တစ်ဆိုင်တွင်
ရပ်နားကြသည်။ အိုင်ဗန်သည် စင်္ကြံလမ်းတွင်ခေတ္တ အနားယူပြီးနောက် ၀ရန်တာခန်းသို့
လာခဲ့သည်။ ရေနွေးကြမ်းပူပူ တစ်အိုး မှာလိုက်သည်။ ထို့နောက် ဂစ်တာကို ထုတ်၍ တီးနေလေ
သည်။ထိုအခိုင် ခေါင်းလောင်းသံ တချွင်ချွင်နှင့် မြင်းသုံးကောင်တပ် ရထားတစ်စီး
မောင်းချလာသည်။ မြင်းရထားပေါ်မှ ရဲအရာရှိတစ်ယောက်နှင့် ရဲသားနှစ်ယောက် ဆင်းကြသည်။
ရဲအရာရှိသည် အိုင်ဗန်ဆီသို့ လျှောက်လာပြီး
“ခင်ဗျားဘယ်သူလဲ”
“ဘယ်ကလဲ”
နှင့် စစ်လားဆေးလား လုပ်တော့သည်။ အိုင်ဗန်က အမှန်အတိုင်း ဖြေပြီး ရဲအရာရှိအား ရေနွေး
သောက်ရန် ဖိတ်ခေါ်သည်။ သို့သော်လည်း ရဲအရှိက လက်မခံဘဲ မွေးခွေန်းများကိုသာ ဆက်တိုက်
မေးတော့သည်။
“မနေ့ညက ခင်ဗျားဘယ်မှာ အိပ်သလဲ၊ ခင်ဗျားတစ်ယောက်တည်းလား၊ အခြား ကုန်သည်တစ်ယောက်
ပါသေးလား၊ ဒီနေ့မနက် အဲဒီကုန်သည်နဲ့ တွေ့ခဲ့သေးလား၊ မိုးမလင်းခင် ထမင်းဆိုင်က ဘာကြောင့်
ထွက်လာတာလဲ”
သည်လို အမေးအမြန်း ခံရတော့ အိုင်ဗန်မှာ အံ့အားကြီး သင့်နေမိသည်။ သို့သော် သူက
မေးခွန်းတိုင်းကိုအမှန်အတိုင်း ပြန်ဖြေသည်။ ပြီးတော့ ရဲအရာရှိအား ပြောလိုက်သည်။
“ဆရာတို့က အခုလို မေးလားမြန်းလားလုပ်တော့ ကျွန်တော့်မှာ သူခိုးဓားပြ ကျနေတာပဲ။
ကျွန်တော်က ရိုးရိုးတန်းတန်း ကုန်ရောင်းဖို့ ခရီးထွက်လာတဲ့ ကုန်သည်တစ်ယောက်ပါ။ အခုလို
စစ်လားဆေးလား မလုပ်သင့်ပါဘူး။”
ရဲအရာရှိက ရဲသားနှစ်ယောက်ကို လှမ်းခေါ်လိုက်သည်။ ပြီးတော့ အိုင်ဗန့်ကိုပြောသည်။
“ကျုပ်က ဒီမြို့နယ်တာဝန်ခံ ရဲအရာရှိပဲ။ ခင်ဗျားကို အခုလို မေးမြန်းရတာက အကြောင်းရှိလို့ပါ။
မနေ့ညကခင်ဗျားနဲ့ အတူတူအိပ်ခဲ့တဲ့ ကုန်သည်ကို လည်မျိုပြတ်ပြီး သေနေတာ တွေ့ရတယ်။
အဲဒါကြောင့် ကျုပ်တို့ ခင်ဗျားပစ္စည်းတွေကို ရှာဖွေရလိမ့်မယ်”
သူတို့ ထမင်းဆိုင်ထဲသို့ ၀င်လာကြသည်။ ရဲအရာရှိနျင့် ရဲသားများက အိုင်ဗန်၏ အထပ်အပိုးတွေကို
ဖွင့်၍ ရှာဖွေကြသည်။ ရဲအရှာရှိသည် အိတ်တစ်လုံးထဲမှ ဓားမြောင်တစ်ချောင်းကို ရုတ်တရတ်
ဆွဲထုတ်လိုက်ပြီးနောက်
“ဒါ ဘယ်သူ့ ဓားမြောင်လဲ”
ဟု အော်မေးလိုက်သည်။ အိုင်ဗန်က ဓားမြောင်ကို တအံ့တသြ ကြည့်လိုက်သည်။ သူ့အိတ်ထဲမှ
ဆွဲထုတ်လိုက်သော ဓားမြောင်တွင် သွေးတွေပေကျံနေသည်။ သူ အကြီးအကျယ် ကြောင့်လန့်
တုန်လှုပ်သွား၏။
“ဒီ ဓားမြောင်မှာ သွေးတွေ ဘာကြောင့် ပေကျံနေရတာလဲ”
ရဲအရာရှိက မေးသည်။ အိုင်ဗန်က ဖြေဖို့ ကြိုးစားသည်။ သို့သော် ဘယ်လို ပြန်ဖြေရမှန်းမသိ
ဖြစ်နေသည်။ မှင်တက်မိကာ စကားမပြောတတ်သလို ဖြစ်နေသည်။ အတန်ကြာတော့မှ အားတင်းပြီး
ပြောလိုက်သည်။
“ကျွန်...ကျွန်...ကျွန်တော်...ကျွန်တော် ဘာမှ မသိပါဘူး။ ကျွန်တော့်....ကျွန်တော့်...
ဓား....ဓားလည်း မဟုတ်ပါဘူး”
ဤတွင် ရဲအရှာရှိက -
“ဒီနေ့မနက် အဲဒီကုန်သည်ကို လည်မျိုပြတ်ပြီး အိပ်ရာထဲမှာ သေနေတာ တွေ့ရတယ်။ သူ့ကို
သတ်တာခင်ဗျားတစ်ယောက်ပဲ ဖြစ်နိုင်တယ်။ ထမင်းဆိုင်ကို အတွင်းက သော့ခတ်ထားတယ်။
အတွင်းမှာ တခြားဘယ်သူမှ မရှိဘူး။ အခု ဒီဓားမြောင်ကို ခင်ဗျား အိပ်ထဲမှာ တွေ့ရတယ်။
ခင်ဗျား မျက်နှာနဲ့ အမူအရာတွေကလည်း ပျက်နေတယ်။ ခင်ဗျား သူ့ကို ဘယ်လိုသတ်ခဲ့သလဲ။
သူ့ဆီက ပိုက်ဆံ ဘယ်လောက် ရလာခဲ့သလဲ။ ကျုပ်ကို အမှန်အတိုင်း ပြောပြစမ်းပါ။”
အိုင်ဗန်က သူမသတ်ပါကြောင်း ကျိန်တွယ်၍ ပြောသည်။ ညစာအတူစားပြီးနောက်တွင်
ထိုကုန်သည်ကို သူ လုံးဝမတွေ့တော့ကြောင်း၊ သူ့တွင် ကိုယ်ပိုင်ငွေ ရှစ်ထောင်မှတစ်ပါး
တခြားမည်သည့် ပိုက်ဆံမျှ မရှိကြောင်း၊ ဓားမြောင်မှာလည်း သူ့ဓားမြောင်မဟုတ်ကြောင်း
ထွက်ဆိုသည်။ သို့သော်လည်း သူ့အသံက ပုံမှန်အသံမဟုတ်၊ မျက်နှာမှာလည်း သွေးမရှိတော့။
ပြီးတော့ အပြစ်ကျူးလွန်သူ တစ်ယောက်ပမာ တစ်ကိုယ်လုံးလည်း ခိုက်ခိုက်တုန် နေလေသည်။
ရဲအရာရှိက အိုင်ဗန့်ကို ဖမ်းချုပ်ပြီး မြင်းရထားပေါ်သို့ တင်ရန် ရဲသားများအား အမိန့်ပေး
လိုက်သည်။ ရဲသားများက အိုင်ဗန်၏ ခြေထောက်နှစ်ဖက်ကို ပူးချည်ပြီးနောက် မြင်းရထားပေါ်သို့
ဆွဲတင်လိုက်သည်။ အိုင်ဗန် ဘုရားသခင်ကိုအာရုံပြုကာ ၀မ်းနည်းပက်လက် ငိုလေသည်။
သူ့ပိုက်ဆံနှင့် သူ့ကုန်ပစ္စည်းတွေကို အားလုံး သိမ်းဆည်းလိုက်ကြသည်။ သူ့ကို အနီးဆုံးမြို့သို့ပို့ပြီး
ဖမ်းချုပ်ထားလိုက်၏။ သူ၏အကျင့်စာရိတ္တနှင့် ပတ်သက်၍ ဗလာဒီမာမြို့တွင် စုံစမ်းကြည့်ကြသည်။
သူသည် ယခင်အခါများက သောက်သောက်စားစားနှင့် အချိန်ဖြုန်းနေခဲ့သော်လည်း နောက်ပိုင်းတွင်
ကောင်းကောင်းမွန်မွန် နေထိုင်လာခဲ့သူ လူကောင်းကလေး တစ်ယောက်ဖြစ်ကြောင်း မြို့ခံကုန်သည်
များနှင့် အခြားပုဂ္ဂိုလ်များက ထွက်ဆိုခဲ့ကြသည်။ ထို့နောက် “ရာဇန်”မြို့မှ ကုန်သည်အား သတ်၍
ငွေနှစ်သောင်း ယူမှုဖြင့် အိုင်ဗန်အား ရုံးတင်တရားစွဲသည်။
သူ့မိန်းမခမျာ ခင်ပွန်းသည်အတွက် ယူကျုံးမရ ဖြစ်ရရှာသည်။ ဘယ်စကားကို ဘယ်လို ယုံရမှန်းမသိ
ဖြစ်နေမိသည်။ ကလေးတွေက ဥမမည် စာမြောက်ကြသေး။ အငယ်ဆုံးကလေးမှာ နို့စို့ကလေးအရွယ်သာ
ရှိသေးသည်။ အိုင်ဗန်၏ မိန်းမသည် ကလေးတွေအားလုံးခေါ်ကာ သူ့ယောက်ျားနှင့်တွေ့ရန်
မြို့သို့လာခဲ့သည်။ ပထမတွင် တွေ့ခွင့်မပြု။ ငိုကာယိုကာ အကြိမ်ကြိမ် တောင်းပန်တော့မှ
သူ့ယောက်ျားနှင့် တွေ့ခွင့်ရလေသည်။ ထောင်းသားအ၀တ် ၀တ်ထားပြီး သံခြေကျင်းကြီး၊
တန်းလန်းနှင့် သူ့ယောက်ျားကို အခြားသူခိုး ဓားပြ၊ ရာဇ၀တ်သား
တွေကြားတွင် မြင့်လိုက်ရတော့ မိန်းမခမျာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ရုတ်တရတ်
မိုက်ခနဲဖြစ်ကာ မူးမေ့လဲကျသွားလေသည်။ တော်တော်ကြီးကြာတော့မှ သူ သတိပြန်ရလာသည်။
ကလေးတွေကို ဆွဲခေါ်သွားပြီး
သူ့ယောက်ျားနားမှာ ထိုင်သည်။ အိမ်က အကြောင်းတွေကို တစ်ခုမကျန် အကုန်အစင် ပြောပြသည်။
ပြီးတော့သူ့ယောက်ျား၏ အဖြစ်ကို မေးသည်။ အိုင်ဗန်က ဖြစ်ကြောင်းကုန်စင်ကို အမှန်အတိုင်း
ပြန်လည် ပြောပြသည်။
“အဲဒီတော့ ကျွန်မတို့ အခုဘယ်လို လုပ်ကြမလဲ”
“အပြစ်မရှိတဲ့ လူတစ်ယောက်ကို ဘ၀ပျက်အောင် မတရားစီရင်ချက် မချဖို့ ဇာဘုရင်မင်းမြတ်ဆီမှာ
အသနားခံရုံပဲ
ရှိတော့ တာပေါ့ကွယ်”
“ကျွန်မ အသနားခံစာ တင်ခဲ့ပြီးပြီ။ ဒါပေမဲ့ ဘုရင်မင်းမြတ်က လက်မခံဘူး၊ ပယ်ချလိုက်တယ်”
အိုင်ဗန်က ဘာမှ ပြန်မပြော။ ခေါင်းငိုက်စိုက်နှင့် ငုတ်တုတ်ကြီးသာ ထိုင်နေ၏။ သူ့မိန်းမက
ပြောသည် -
“ရှင့် ဆံပင်တွေ တစ်ခေါင်းလုံး ဖြူဖွေးနေတယ်လို့ ကျွန်မ အိပ်မက်မက်တာ အလကား
မဟုတ်ဘူး။ အဲဒါ ရှင် မှတ်မိသေးလား။ တကယ်ဆိုရင် အဲဒီနေ့က ရှင် ခရီးထွက်ကို မထွက်သင့်ဘူး”
ယောက်ျားဖြစ်သူ၏ ဆံပင်တွေကို လက်ဖြင့် တယုတယ ပွတ်သပ်ရင်း
“အိုင်ဗန်ရယ်.. ကျွန်မ တောင်းပန်ပါတယ်။ ကိုယ့်မိန်းမကို အမှန်အတိုင်း ပြောပြပါနော်။ အဲဒီ
ပြစ်မှုကို ရှင်တကယ် ကျူးလွန်တာလားဟင်”
“အို....နင်ကပါ ငါ့ကို စွပ်စွဲနေပြန်ပြီ”
အိုင်ဗန်သည် မျက်နှာကို လက်ဝါးနှင့် အုပ်ကာ တရှုပ်ရှုပ်နှင့် ငိုနေလေသည်။
ထိုစဉ် ရဲသားတစ်ယောက် ရောက်လာပြီး အိုင်ဗန့် မိန်းမနှင့် ကလေးတွေ ပြန်ချိန်ရောက်ပီဟု
ပြောသည်။ သို့ဖြင့်အိုင်ဗန်သည် သူ့မိန်းမနှင့် ကလေးတွေကို နောက်ဆုံးအကြိမ် နှုတ်ဆက်လေသည်။

နောက်ကျ၍ ရောက်လာသော အမှန်တရား

မောင်ပေါ်ထွန်း ဘာသာပြန်သည်။

အခန်း(၁)
တစ်ခါတုန်းက “ဗလာဒီမာ” မြို့တွင် “အိုင်ဗန်ဒီမိထရီ အက်စီယိုနော့” ဟု ခေါ်သော
လူငယ်ကုန်သည်ကလေး တစ်ယောက် နေထိုင်ခဲ့လေသည်။ သူ့တွင် ကိုယ်ပိုင် ကုန်စုံဆိုင်
နှစ်ဆိုင်နှင့် အိမ်တစ်ဆောင်ရှိသည်။

အိုင်ဗန်မှာ ရွှေရောင်ဆံပင်ခွေခွေနှင့် လူရည်သန့်ကလေး တစ်ယောက်ဖြစ်သည်။ ပျော်ပျော်ရွှင်ရွှင်
နေတတ်ပြီး အဆိုအတီးကိုလည်း အလွန်ဝါသနာပါ၏။ သူသည် လူပျိုဘ၀တုန်းက အသောက်
အစားရှိခဲ့ပြီး အမူးလွန်လျှင် သောင်းကျန်းရမ်းကားတတ်သည်။ သို့ပေမဲ့ အိမ်ထောင်ပြုပြီးသည့်
နောက်မှာတော့ မလွှဲမရှောင်သာ ရံဖန်ရံခါမှတစ်ပါး အရက်သေစာကို အတတ်နိုင်ဆုံး ရှောင်ခဲ့
လေသည်။

နွေရာသီတစ်နေ့တွင် အိုင်ဗန်သည် “နစ်ဇနီ” ပွဲဈေးသို့ ကုန်သွားရောင်းရန် ပြင်ဆင်သည်။
ခရီးထွက်ခါနီး မိသားစုကို နှုတ်ဆက်တော့ သူ့မိန်းမက ပြောသည်။
“ဒီနေ့ ခရီးမထွက်ပါနဲ့လား အိုင်ဗန်ရယ်၊ ကျွန်မ မနေ့ညက ရှင်နဲ့ပတ်သက်ပြီး အိပ်မက်ဆိုးတွေ
မက်လို့ပါ” အိုင်ဗန်က ရယ်လိုက်ပြီး-
“ဟဲ....ဟဲ၊ ဘာလဲ မင်းက ငါ ပွဲဈေးရောက်တော့ သောက်စားမူးယစ်ပြီး အပျော်ကျူးနေမှာကို
ကြောက်လို့လား”
“ဘာအတွက် ကြောက်မိတယ် ဆိုတာတော့ ကျွန်မမသိဘူး။ အိပ်မက် မကောင်းဘူးဆိုတာပဲ
ကျွန်မသိတယ်၊ ရှင် မြို့က ပြန်ရောက်လို့ ဦးထုပ်ချွတ်လိုက်တော့ ရှင်ဆံပင်တွေ တစ်ခေါင်းလုံး
ဖွေးဖွေးဖြူနေတယ်”
အိုင်ဗန်က ရယ်လိုက်ပြန်သည်။
“အဲဒါ နိမိတ်ကောင်းတာပေါ့ မိန်းမရဲ့၊ မင်း မယုံရင်ကြည့်နေ။ ငါ့ပစ္စည်းတွေ အကုန်စွံပြီး
မင်းအတွက် ပွဲဈေးက လက်ဆောင် လှလှလေးတွေ ၀ယ်လာခဲ့မယ်”
ထို့နောက် သူသည် မိသားစုကို နှုတ်ဆက်ပြီး မြင်းလှည်းပေါ်တက်၍ ခရီးထွက်လာခဲ့လေသည်။

Friday, 13 February 2009

ဖေဖော်ဝါရီ ၁၃ အိပ်မက်



ကန်တော်ကြီး ကန်ပတ်လမ်း ဗိုလ်ချုပ်ကြေးရုပ် ရှေ့



“အလေးပြု”

ရှေ့ဆုံးမှ တိုင်ပေးသော ယူနီဖောင်း ကို သပ်ရပ်စွာ ဝတ်ဆင်ထားသော စစ်ဗိုလ် ကလေး၏ အမိန့်သံ အဆုံးတွင် ရောက်ရှိနေကြသော ကျောင်းသူကျောင်းသားများ တိုင်းရင်းသား ပြည်သူများ လူတန်းစားပေါင်း စုံတို့သည် တစ်ညီတစ်ညွှတ်ထဲ ကျဆုံးလေ ပြီးသော အာဇာနည် ခေါင်းဆောင်ကြီး မြန်မာ့လွတ်လပ်ရေးဖခင် တပ်မတော် ၏ ဖခင်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း အား ဦးညွတ်အလေး ပြုလိုက်ကြသည်...။

ပထမ ပြည်သူ တသုတ် ပြီးပြန်တော့ နောက်ထပ် ပြည်သူ တစ်သုတ် စသဖြင့် အဆက်မပြတ်လာရောက် အလေးပြုနေကြသည်..။

ဘာကြောင့်လဲ ဆိုတော့ ဒီကနေ့ က ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သောကြောင့် တိုင်းပြည် ကို ကယ်တင်ရာတွင် ရှေ့က ဦးဆောင်ခဲ့သော ဗိုလ်ချုပ် ကို ပြည်သူများက မမေ့မလျှော့ ကြောင်း ပြသသည့် အနေဖြင့် လာရောက် ဦးညွတ်အရိုအသေ ပြုကြခြင်း ဖြစ်ပေသည်..။

အနီးအနား တွင်လည်း ဗိုလ်ချုပ် နှင့် ပါတ်သက် သည့် သမိုင်းအထောက် အထားများ ဓါတ်ပုံ များနှင့် ဗိုလ်ချုပ်အောင်ဆန်း ၏ ဘဝမှတ်တမ်း ကို ရုပ်ရှင် အဖြစ်အသက် သွင်းပြီး ရိုက်ကူးထားသော ဖြစ်ရပ်မှန် ရုပ်ရှင်ကို နောင်အနာဂတ်မျိုးဆက်သစ် လူငယ်များ မမေ့လျှော့ ကြစေရန် ပြခန်းများ ဖွင့်လှစ် ပြသထားပေသည်..။

ဤရုပ်ရှင် ဇာတ်လမ်း ရိုက်ကူးဖြစ်ခဲ့သည်မှာလည်း သိပ်တော့ မကြာလှသေး နိုင်ငံတော်ကြီး လွတ်လပ်ရေး ရခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာခဲ့သော်လည်း တိုင်းပြည် လွတ်လပ်ရေးကို ရှေ့မှ ဦးဆောင်ခဲ့သူ သူ၏ အထုပတ္တိ ကို သမိုင်းမှတ်တမ်း အဖြစ် ရုပ်ရှင် ရိုက်ကူး လိုသော်လည်း မရိုက်ကူးနိုင်ခဲ့ ...

သမိုင်း၏ သူရဲကောင်း တစ်ယောက်ကို မနာလိုမှု များဖြင့် သမိုင်းပျောက်အောက် ဖျောက်ဖျက် လိုသူများကြောင့် ဗိုလ်ချုပ်သည် အမှောင် ညများ အတွင်းတွင် အကျဉ်းချ ခံခဲ့ရသည်...။

ရုံးပြင်ကန္နား တို့တွင် အမှတ်တရ ချိတ်ဆွဲထားသော ပုံများ ဖြုတ်ချခံခဲ့ ရသည်...
ပထမအာဏာရှင်က မကောင်းတတ်သဖြင့် သတ်မှတ်ပေးထားသော မြန်မာနိုင်ငံကလေးများနေ့ဆိုသည့် ဗိုလ်ချုပ်မွေးနေ့ကို နောင် တက်လာသော အာဏာရှင်တွေက မကောင်းတတ်သဖြင့်လေးတောင် အသိမှတ်မပြုပေးချင်ကြတော့ သဖြင့် မကျင်းပဖြစ်ခဲ့တာ အတော်လေး ကြာသွားသည်..။

ယနေ့တွင်တော့ အာဏာရှင် တို့၏ လက်အောက်မှ ရုန်းကန် တိုးထွက်လာနိုင် ကြပြီဖြစ်သော စည်းကမ်းစနစ်ကျနသော ဒီမိုကရေစီစစ်စစ် နိုင်ငံတော်ကြီး ကိုတည်ထောင်သူများ က ပြန်လည် ၍ တိုင်းပြည် ကို လွတ်လပ်ရေးတိုက်ပွဲ အတွင်း အမှန်တစ်ကယ် ဦးဆောင်ခဲ့သူမှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ကြောင်း ကို အနာဂတ်လူငယ်များ သိရှိနားလည်ပြီး မမေ့မလျှော့စေရန် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ရောက်တိုင်း ဗိုလ်ချုပ်၏ မွေးနေ့ကို ခမ်းခမ်းနားနား ကြီး ကျင်းပ နေကျ ပေပြီ..။

ကျွန်တော့ရဲ့ အိပ်မက်ထဲ က ဗိုလ်ချုပ်မွေးနေ့အခမ်းအနားမှာ ဖခင်ဗိုလ်ချုပ် ကို ကျွန်တော်....
စောင့်ကြည့်သူတွေ မရှိ ...
သံဆူးကြိုးတွေ မရှိ ...
ဒိုင်းကိုင်တုတ်ကိုင် ထားတဲ့ သားရဲတွေ မရှိ...
အားလုံး ငြိမ်းချမ်းစွာ ချစ်မြတ်နိုးမှုအပြည့်နဲ့ လွတ်လွတ်လပ်လပ် ကြီးဂုဏ်ပြုနေ ကြတဲ့ သူတွေ နဲ့အတူ အလေးပြုပါတယ် ..။

သဘာဝ ဘေးအန္တရာယ်နဲ့ သူ့ဖာသာ ပြိုကျ သွားပါစေဆိုပြီး ကျိတ်ဆုတောင်း နေသူများက ထိမ်းသိမ်း စောင့်ရှက် ခြင်းမရှိ ထားထား ခြင်းခံနေရတဲ့ ဗိုလ်ချုပ်နေအိမ်

Sunday, 11 January 2009

ဒသနလက်ဆောင်

လူပျောလူညံ့ တို့၏အလုပ်ကဘယ်အချိန်မှရမည်မသိသေးသည့်အခွင့်အလမ်းတို့ကိုအချိန်ကုန်ခံ၍ စောင့်မျှော်လေ့ရှိသည်၊

စိတ်ဓာတ်စွမ်းအားထက်သန်သူတို့ကတော့ သူတို့လိုချင်သည့် အခွင့်အလမ်းကို မရမချင်းလိုက်ရှာလေ့ရှိကြ၏၊

အခြားသူများ လုပ်နိုင်သောအရာများကို ကိုယ်ကမလုပ်နိုင်သေးဆိုရင်သင်ဟာ အေင်မြင်မှုလမ်းကြောင်းပေါ်ကို

မရောက်နိုင်သေးဘူးဆိုတာ သိနိုင်ပါတယ်၊

ပေတံတစ်ချောင်းကို သင့်လက်ထဲမှာ ကိုင်ထားပြီဆိုရင် သူများတစ်ကာကို တိုင်းထွာဖို့ထက်…

မိမိစိတ်အမှန်ကိုတိုင်းထွာကြည့်ဖို့က အရင်လုပ်ရမယ့်အလုပ်ပါ၊

လမ်းမပေါ်ရောက်တဲ့အခါရပ်တန့်နေပြီး လမ်းမှားပေါ်ရောက်တဲ့အခါပြေးနေမယ့်အစား…

လမ်းမှားနေမှန်းသိရင်ရပ်တန့်နေပြီး လှမ်းမှန်ပေါ်ရောက်တဲ့အခါမြန်နိုင်သမျှ မြန်အောင်ပြေးဖို့ကြိုးစားပါ။ ။ ။ ။

အရည်အချင်းနှင့် လက်တွေ့

လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင်
သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။
သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက်
ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင်
“ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ” ဟု
စဉ်းစားမိသည်။

တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ
ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော
နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို
ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။
အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။
လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း
“ငါကသူတို့ထက် ပညာတတ်တယ်” ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။

တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး
အပေါ့အပါး သွားလေသည်။ “သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား..
မဖြစ်နိုင်ပါဘူးလေ” လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။

ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး
နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း
မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည်
“သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ” ဟု တွေးပြီး
ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့
ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့
ရေထဲခုန်ချရသလဲဟု မေးလေသည်။

“ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်”
လူငယ်နှစ်ဦးမှာ ရယ်ရင်း “ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က
မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့
အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ”
ဟု ပြန်ဖြေလေသည်။

ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ
ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို
ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့
မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏
ရလဒ်ပင်ဖြစ်သည်။

“သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။
သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ……..” စသည်ဖြင့် ပညာမာန်
တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို
ချည်းကပ်ရမည်ပင်။

Tuesday, 28 October 2008

အတိတ်နှင့် အရိပ်

အတိတ်တဲ့
ပြုသူအသစ်
ဖြစ်သူအဟောင်း
အကြောင်းမလှလို့
ပြောင်းမယ်ဆိုလည်း
နှောင်းအတိတ်က
ခွင့်မပြုဘူး
ကံကိုယုံလို့
စေတနာမှန်လို့
ရည်ရွယ်ရာကို
မမြင်မစမ်း
အသင်လှမ်းပါဦးတော့
နှစ်ခုပဲရှိတယ်
လိုချင်တာ မလိုချင်တာ
ခုလုပ်လိုက် ကံမည်သွားပြီ
အနာဂတ်မှာ
စာမကပ်နဲ့
မျက်ဝါးထင်ထင်ပဲ
အတိတ်ဟာ အရိပ်လိုပဲ
ပြေးမလွတ်ပါဘူး

Sunday, 26 October 2008

Dilemma Action

ဒီနည်းလေးကတော့ ကျွန်တော်သိတဲ့အထဲက ရွေးထုတ်လိုက်တာဖြစ်ပါတယ်
တော်တော်ကောင်းတဲ့နည်းလေးပါ၊ သိသလောက်တက်သလောက်တော့ နားလည်သဘောပေါက်အောင်ပြောပြမှာပေါ့ဗျာ..
ကျွန်တော်တို့အလုပ်တစ်ခုလုပ်တယ်ဆိုရင် သေချာတိကျဖို့လိုအပ်ပါတယ်၊
တိကြဖို့လိုသလို မှန်ကန်ဖို့လဲ လိုပါတယ်၊ အဓိကပြောချင်တာကတော့
အလုပ်တစ်ခုလုပ်ပြီဆိုရင် တိကျမှန်ကန်ဖို့ အများလက်ခံနိုင်မယ့်အလုပ်
အများကောင်းကြိုးဆောင်ရွတ်မယ့်အလုပ်မျိုးမှာ ဆိုရင် အခက်ခဲတွေတွေ့ရတက်ပါတယ်
အန္တရာယ်တွေများတဲ့အလုပ်မျိုး ဖြစ်နိုင်ပါတယ် ၊ဒါမိျုးတွေ ဖြစ်တော့မယ်ဆိုရင်
ကျွန်တော်နည်းလေးတစ်ခုပေးပါရစေ ၊ တက်လို့တော့မဟုတ်ဘူးဗျာ သိတာလေးပါ၊
လိုအပ်လာရင်လဲသုံးလိုက်ပေါ့ဗျာ ကြိုက်ရင်လဲမှတ်ထားလိုက်ပေါ့၊
ကျွန်တော်ပြောမယ့်နည်းကတော့ (Dilemma Action) လို့ခေါ်ပါတယ်။မြန်မာစကားပုံ
လေးနဲ့ပြောရမယ်ဆိုရင်တော့ဗျာ ဆုပ်လည်းစူး စားလည်းရူးပေါ့ဗျာ၊ ရန်သူအားနှစ်ခု
အနက်မှ တစ်ခုကိုရွေးချယ်ပေါ့ဗျာ ရှေ့တိုးတံပိုး နောက်ဆုတ်လှည်းထုတ်ပေါ့ဗျာ
ဒါမျိုးကဘယ်လိုမှ ကိုပဲ မလှုပ်သာတောဘူး ငြိမ်ခံရတော့မယ် ရင်ဆိုင်ရတဲ့သူက
ပိုအကြပ်တဲ တွေ့စေမယ့်နည်းပေါ့ဗျာ ၊ ဘာပြုလိုဒီလိုပြောရလဲဆိုတော့ ကျွန်တော်တို့မှာ
ရန်သူတွေရှိတယ်လေ အကောင်းမြင်တဲ့လူကမြင်သလို အကောင်းမမြင်သူကလဲ
မမြင်ကြဘူးဗျ၊ ဥပမာ လေးနဲ့ရှင်းပြမယ်ဗျာ အနည်းအပါးလေးပါပဲ…………
ကျွန်တော်တို့မိသားစုတစ်ခုကိုပဲ ဥပမာပေးကြပါစို့ ဒီမိသားစုလေးဟာ ဗုဒ္ဓဘာသာပဲ
ထားကြပါစို့ အဖေကသားကို အမြင်မကြည်လင်ဖြစ်နေတယ် အပြစ်မရှိ အပြစ်ရှာ
ရိုက်တယ် သားကလဲပြန်တောပြောချင်တယ် သို့သော် အဖေဖြစ်နေတယ်.မပြောသင်ဘူး
ဒါ့ကြောင့်သားကဘာလုပ်လဲဆိုတော အိမ်က ဘုရားစဉ်ရှေ့မှာ ဘုရားဖူးပြီးဆုတောင်းတယ်
ဘုရားတပည့်တော်သည် ဆင်းရဲ့ခပ်သိမ်း ဒုက္ခအပေါင်းမှ ကင်းဝေးရပါလို၏ သူတော်ကောင်းတွေနဲ့သာတွေ့ရပြီး သူယုတ်မာတွေနဲ့ဝေးရပါလို၏ လူတိုင်းလူတိုင်း
သတ္တဝါတိုင်း သတ္တဝါတိုင်း ညှင်းပမ်းနှိပ်စက်ချင်းမှ ကင်းဝေးကြပါစေလို့ မေတ္တာပို့တယ်
ဘယ်သူကိုမှ မရည်ရွယ်ဘူးပေါ့ဗျာ ၊ ကုသိုလ်လိုချင်စိတ်လေးနဲ့ ဘုရားဖူးတယ်ပေါ့ဗျာ
အမေနဲ့ညီအစ်ကိုမောင်နှမတွေက သာဓုခေါ်ပါတယ် ငါ့အစ်ကို ငါ့သားလေး
ကုသိုလ်ကောင်းမှုတွေပြုတယ်ပေါ့ဗျာ၊ ဒါဟာ သူတော်ကောင်းအလုပ် ဘုရားကြိုတ်တဲ့
အလုပ် နတ်ကြိုက်တဲ့အလုပ်ပေါ့၊ သို့သော် ကိုယ်အပြစ်နဲ့ကိုယ် သာဓုမခေါ်နိုင်တာက
ဖအေဖြစ်သူပါ၊ သူအပြစ်နဲ့သူဆိုတော့ သူ့ကိုယ်ရွဲ့တယ်ထင်နေတယ်လေ၊
ဒီအကြောင်း နဲ့ပတ်သတ်လို့ ဘာမှမပြောရဲ့ဘူးဗျာ ပြောရင်လဲ ဘယ်သူ့ကိုအပြစ်မြင်မလဲ
သားကဘုရားဖူးလိုအပြစ်ပြောတယ်ဆိုရင်လဲ မိသားစုကကြေနပ်ပါ့မလား စဉ်းစားကြည့်ပေါ့
သူတို့တမိသားစုလုံးကလလဲ ဗုဒ္ဓဘာသာတွေလေ ရိုက်ချင်သော်လဲ ရိုက်လို့မရတော့ဘူး၊
သားလုပ်တဲ့သူရဲ့ အလုပ်က အားလုံးလက်ခံတဲ့အလုပ်ဖြစ်နေတယ်လေ. ဒါမျိုးတွေကို
စဉ်းစားလုပ်ကြဖို့ ဥပမာလေးပေးတာပါ ၊ ဥပမာ ပေါ့ဗျာ သေသွားသူရဲ့ အမှတ်တရပွဲလေး
လုပ်တယ်ဆိုရင် ဘယ်သူဘာပြောလိုရမှာလဲ ပြောရင်လဲ ဘယ်သူအပြစ်ဖြစ်မလဲ
မပြောဘဲထားရင်လဲ သူတို့လွတ်ထားရာကြမယ် ဒီတော့ဒီလိုနည်းတွေရှာပြီးလုပ်ဆောင်
မယ်ဆိုရင် အကောင်းဆုံးနည်းလေးပဲ နားလည်အောင် ဥပမာ တစ်ခုထပ်ပေးမယ်ဗျာ
အသက် ၇၀ ကျော် အဖွားတစ်စု လမ်းစည်းကမ်းအတိုင်းမသွားဘဲ ချိုးဖောက်လိုက်မယ်ပေါ့
အယောက်ကလဲ ၃၀ ကျော်ပေါ့ စည်းကမ်းအတိုင်းသွားမယ်ဆိုရင်လဲ အဝေးကြီးပေါ့
မသွားနိုင်တော့လို့သွားလိုက်ရတယ် ။ ဒါမျိုးကို လမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က
အပြစ်ယူမယ်ဆိုရင် အဖွားကြီးတွေကလဲဖြစ်နေတယ် ယူလို့မဖြစ်ဘူးပေါဗျာ
ယူလိုက်ရင်လဲ အဖွားကြီးတွေတောင် အပြစ်ယူတယ်ဖြစ်မသွားဘူးလား ဒီသတင်းဟာ
လူတော်တော်များကို သတင်းပြန့်ပွားစေတယ် ၊အဖွားကြီးတွေတောင်အပြစ်ယူတယ်
ဖြစ်မသွားဘူးလား မယူပြန်ရင်လဲ သူတို့ကို အပြစ်ပြောစရာ သွားဖြစ်စေတယ်………..
ကိုယ်လုပ်တဲ့ အလုပ်ဟာ ဘယ်လိုမှမလှုပ်သာအောင်ပေါ့ မလှုပ်ရင်လဲမဖြစ် လှုပ်ရင်လဲ
လူအများ လက်မခံနိုင်စရာဖြစ်သွားအောင်ပေါ့ ၊ ဒါမျိုးအလုပ်တွေအများများလုပ်မယ်ဆိုရင်
ခင်ဗျားတို့ လိုချင်တဲ့ ရည်ရွယ်ချက်မြင့်မားတဲ့ အလုပ်တွေဆိုရင် အောင်မြင်မှာဖြစ်ပါတယ်
ဒီနည်းမျိုးတွေ အများကြီးရှိပါတယ်ဗျာ ၊ တွေးတောကြပါ စဉ်းစားကြပါ ကျွန်တော်တို့ရဲ့
ရည်မှန်းချက် အလုပ်တွေဟာ အောင်မြင်မှာ မလွဲပါပဲ……..။
နားလည်ရဲ့လား မိတ်ဆွေ သဘောတရားလေးပြောပြမယ်ဗျာ ..တို့တတွေရဲ့ အလုပ်အဖွဲ့
ဆိုရင် စည်းလုံးခြင်းကို အချေခံတယ် ညီညွတ်မှုကိုလိုလားတယ် စာပေမြင့်မားတိုးတက်
ဖို့အတွက်လဲဖြစ်တယ် စုစုစည်းစည်းလေးဖြစ်အောင်လုပ်နေတယ် ကျွန်တော်က ဖိတ်ခါ်
တယ်ထားပါစို့ ခင်ဗျားတို့မပါဝင်ရင် စုစည်းမှုကိုမလိုလားလို့ပဲ ပါဝင်ပြန်တော့လဲ
ကျွန်တော့်ကိုယ်ပိုင်ဘလော့မှာ နိုင်ငံရေးဘလော့ဖြစ်နေတယ်၊ ဒါမျိုးတွေရေးမှာလဲ
ကြောက်နေရတယ် ၊ တစ်ချို့ဆိုရင် ဒါမျိုးတွေ စဉ်းစားစရာဖြစ်လာတယ်။
ဒါမျိုးတွေကိုဆိုလိုချင်ပါတယ် သဘောတရားကိုပြောပြတာပါ အလုပ်တစ်ခုလုပ်လိုက်မယ်
ဆိုရင် ဒါမျိုးတွေကို တွေးခေါ်ပြီးလုပ်ကြဖို့အတွက် တိုက်တွန်းတာပါ၊ ရှေ့လဲမတိုးသာ
နောက်လဲမဆုတ်သာပေါ့ဗျာ ၊ ကျွန်တော်တို့ရည်မှန်းချက်ကြီးအောင်မြင်ဖို့ဆိုရင်
အလုပ်လုပ်တဲ့နေရာမှာ နည်းလမ်းကောင်းလေးတွေလိုအပ်ပါတယ် ၊ ကျွန်တော်သိတဲ့နည်းလေးကို အားလုံးသိဖို့ ဘယ်အလုပ်မှာမဆိုအသုံးချလို့ရအောင် စာဖတ်သူတွေအားလုံးကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်ဗျာ …..(နည်းလမ်းပုံစံလေး မြန်မာနိုင်ငံ လွတ်လပ်ရေး ရအောင်ကြိုးပမ်းခဲ့ကြတဲ့ ခေါင်းဆောင်တွေကို အမှတ်တရပွဲလေးလုပ်ကြည့်ပေါ့။ကိုလိုနီလက်အောက်ကလွတ်လပ်
ရေးရရှိခဲ့တဲ့ရက်တွေ ဘယ်သူအပြစ်ယူမှာလဲ ယူရင်ဘာဖြစ်မလဲ မယူရင် ဘာဖြစ်မလဲ စဉ်းစားကြည့်ပါ ၊……..အများကြီးရှိပါသေးတယ် တွေးခေါ်ပြီးလုပ်ကြပါစေ အောင်မြင်ပါစေ) လို့ဆန္ဒပြုရင်း ချစ်စွာသော စာရှုသူ …………………………………….
ကြိုးစားလျှက် အမှန်တရားကိုလိုလားတဲ့ ရွှေညာသား